• ဗမာစာ
  • 日本語

News / Topic

【ဂျပန်ရဲ့ တက္ကသိုလ် နှင့် အသက်မွေးဝမ်းကျောင်းကောလိပ် တို့၏ ကွာခြားချက်များ】

J Compass ထံသို့ လာရောက်ဆွေးနွေးကြတဲ့ ကျောင်းသားတွေက ဒီမေးခွန်းကို မကြာခဏ မေးလေ့ရှိကြပါသည်။

「 ပညာတော်သင်သွားသည့်အခါ တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်း ကောလိပ်တွင် ဘယ်ဟာကို တက်သင့်သလဲ?」

ဒီတစ်ကြိမ်မှာတော့ ထိုမေးခွန်းအတွက် တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်းကောလိပ် တို့၏ ကွဲပြားချက်တွေနဲ့ ပတ်သက်ပြီး အားသာချက်နှင့် အားနည်းချက်တွေကို မိတ်ဆက်ပေးသွားပါမည်။

ပထမဆုံးအနေနှင့် ကွာခြားချက်များကို အလွယ် ရှင်းပြရမည်ဆိုလျင် ①သင်ရိုးညွှန်းတမ်း မတူခြင်း ②နားလည်တက်ကျွမ်း လာနိုင်သော အသိပညာ ဗဟုသုတ၊ အသိပညာ၏ အမျိုးအစားများ ကွဲပြားမှုတို့ဟူ၍ ရှိပါသည်။ တက္ကသိုလ်သည် အခြေခံအားဖြင့် ၄နှစ်ကြာ ပညာသင်ယူရသည်က ပိုများပြီး ဆေးတက္ကသိုလ် ကဲ့သို့သော တက္ကသိုလ်များတွင် ပညာသင်နှစ် ၆နှစ် ဖြစ်သည်။

တက္ကသိုလ်များသည် ပညာရပ်ဆိုင်ရာ သုသေတနများကို ပြုလုပ်သော ကျောင်းဖြစ်သည်။ သင်ရိုးညွှန်းတမ်းကို သင်ယူပြီးမြောက်သည့်အခါ ဘွဲ့ရနိုင်သည်။ မိမိကိုယ်တိုင် အတန်းကို ရွေးချယ်နိုင်ပြီး မိမိ သင်ယူလေ့လာလိုသည့်အရာ နှင့် ပတ်သက်ပြီး ကျယ်ပြန့်သည့် အသိပညာများနှင့် ဗဟုသုတ ပေါင်းစုံတို့ကို သင်ယူနိုင်သလို နယ်ပယ်တစ်ခုထဲကိုပဲ အထူးပြုအနေဖြင့်လည်း လေ့လာသင်ယူနိုင်ပါသည်။ ထို့နောက် ကျောင်းစာသင်ခြင်း အပြင် ကျောင်းသားများ အဖွဲ့လိုက်လှုပ်ရှားမှု တွေမှာလည်းပဲ တက်ကြွစွာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။

ဘွဲ့လွန်အထိ ဆက်၍ တက်ရောက်မည်ဆိုပါကလည်း တစ်ခုတည်းသော နယ်ပယ် ၊ ခေါင်းစဉ်တို့နှင့် ပတ်သက်၍ လေးနက်စွာ သုတေသနပြုနိုင်ပြီး မဟာဘွဲ့ ၊ ပါရဂူဘွဲ့ ကဲ့သို့သော ဘွဲ့များကို ရရှိနိုင်မည်ဖြစ်သည်။

အသက်မွေးဝမ်းကျောင်းကောလိပ်များသည် ၂နှစ်တာ ပညာသင်ယူရမည့် သင်ရိုးညွှန်းတမ်း များရှိပြီး ကွန်ပျူတာ သက်မွေးကောလိပ်များတွင် ၃နှစ် နှင့် ၄နှစ်တာ သင်ရိုးများလည်း ရှိပါသည်။ အသက်မွေးဝမ်းကျောင်းကောလိပ် များတွင် အထူးပြုပညာရပ်များကို စာတွေ့လက်တွေ့ သင်ယူရသော အတန်းတို့က ပိုများသည်။ သင်ရိုးညွှန်းတမ်းကို သင်ယူပြီးမြောက်သည့်အခါ Diploma ကို ရယူနိုင်ပြီး အထူးပြု အရည်အချင်းကို ရရှိနိုင်သည့် ကျောင်းများလည်းရှိသည်။

※ ကာလတိုတက္ကသိုလ်ဟုခေါ်သော ပညာသင်နှစ် ၂နှစ်ရှိသည့် တက္ကသိုလ် များလည်းရှိသည်။ သို့သော် ကာလတိုတက္ကသိုလ်များသည် အသက်မွေးဝမ်းကျောင်း ကောလိပ်နှင့် သင်ကြားလေ့ကျင့်မှုပိုင်း ဆင်တူသည်။

ထို့အပြင် 2019ခုနှစ် 4လပိုင်း မှစ၍ JLPT N1ကို အောင်မြင်ပြီး ဂျပန်ရှိ တက္ကသိုလ် သို့မဟုတ် ဘွဲ့လွန်‌ကျောင်းမှ ဘွဲ့ရပါက ပိုမိုများပြားကျယ်ပြန့်သော အလုပ်ဗီဇာများကို ရရှိနိုင်ပြီဖြစ်သည်။ အသက်မွေးဝမ်းကျောင်း ကောလိပ်များကို 2024ခုနှစ် 4လပိုင်းတွင် စတင်ခွင့်ပြုရန် စီစဉ်လျက်ရှိသည်။

ဆက်လက်၍ တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်းကောလိပ်တို့၏ အားသာချက်နှင့် အားနည်းချက်တို့ကို ရှင်းပြသွားပါမည်။

● တက္ကသိုလ်၏ အားသာချက်

・ပိုမိုကျယ်ပြန့်သော ဗဟုသုတနှင့် အသိပညာမျိုးစုံကို ကျွမ်းကျင်တက်မြောက်နိုင်သည်။

・အထူးပြုပညာရပ်ဆိုင်ရာ သုတေသနများကို ပြုလုပ်နိုင်သည်။

・အလုပ်ရှာဖွေသည့်အခါ ရွေးချယ်စရာအခွင့်အလမ်းပို၍ များသည်။

・မိမိကိုယ်တိုင် အတန်းကိုရွေးချယ်ပြီး အချိန်ဇယားကိုလည်း ကိုယ်တိုင် ပြင်ဆင်ရသည်က များသည်။

・ပညာသင်နှစ် ၄နှစ် (သို့မဟုတ် ၆နှစ်)ဖြစ်သောကြောင့် အချိန်ဇယားမှာလည်း ပေါ့ပါးသက်သာသည်။

・တက္ကသိုလ်၏သင်ရိုးညွှန်းတမ်းဖြင့်သာ ရရှိနိုင်သော အရည်အချင်းများလည်း ရှိသည်။ (ကျောင်းဆရာ စသည်)

● တက္ကသိုလ်၏ အားနည်းချက်

・သင်ရိုးညွှန်းတမ်းသည် ကြာမြင့်သည့်အတွက် ကျောင်းလခ မှာလည်း ဈေးမြင့်သည်။(အထူးသဖြင့် ပုဂ္ဂလိက တက္ကသိုလ်)

・အထူးပြု ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်အလုပ်‌မျိုးတွင် အလုပ်ရရန် ခဲယဉ်းသည်။

・မြင့်မား‌သော အထူးပြု လိုင်စင်နှင့် အရည်အချင်းတို့ကို ရရန်ခက်ခဲသည်။

・လွတ်လပ်သည့် အလျှောက် တစ်ဖက်တွင်လည်း မိမိကိုယ်တိုင် အချိန်ဇယားကို စဉ်းစားပြီး အတန်းကို ရွေးချယ်ဖို့ လိုအပ်သည်။

တက္ကသိုလ်၏ ကြီးမားသောအားသာချက်မှာ အလုပ်အကိုင်အခွင့်အလမ်းများ များပြားကျယ်ပြန့်စွာ ရှိပါသည်။ ကုမ္ပဏီများ၏ လျှောက်ထားမှု စည်းကမ်းချက်များတွင်လဲ တက္ကသိုလ်မှ ဘွဲ့ရရှိထားရန် ဟူသော အခြေအနေမျိုးများပြားသောကြောင့် တက္ကသိုလ်မှ ဘွဲ့ရရှိထားပါက အလုပ်ရှာဖွေသည့်အခါမှာလည်း အခွင့်အလမ်းတွေ ပိုများလာမှာဖြစ်ပါသည်။ ထပ်မံ၍ မိမိ၏ ကျောင်းဌာနနှင့် ကွဲပြားသော နယ်ပယ်၏ သင်ကြားခြင်းများကို သင်ယူနိုင်မည့် အခြေအနေမျိုးလည်း ရှိသည့်အတွက်ကြောင့်  မိမိလေ့လာချင်သည့်အရာကို ကျယ်ပြန့်စွာ လေ့လာနိုင်သည်မှာ တက္ကသိုလ်၏ အားသာချက် ဖြစ်ပါသည်။

တစ်ဖက်တွင်လည်း အထူးပြုအသိပညာလိုအပ်သော လုပ်ငန်းခွင်များတွင်  အလုပ်ရနိုင်ရန် ခက်ခဲပါသည်။

ထို့အပြင် ပုဂ္ဂလိကတက္ကသိုလ်များတွင် တစ်နှစ်လျှင် ကျောင်းစရိတ် ယန်း ၁၀သိန်း နှင့် အထက် တက္ကသိုလ်များ များပြားသောကြောင့် ၄နှစ်လျှင် ကျောင်းစရိတ် ယန်း သိန်း၄၀ နှင့်အထက် ကုန်ကျမည် ဖြစ်ပါသည်။

●အသက်မွေးဝမ်းကျောင်းကောလိပ်၏ အားသာချက်များ

· နယ်ပယ် တစ်ခုထဲနှင့် ပတ်သတ်၍ အထူးပြုပြီး လက်တွေ့လေ့လာသင်ယူနိုင်ပါသည်။

·   အလုပ်အကိုင်ရရှိနှုန်း မြင့်မားခြင်း

·   သင်ကြားသော သင်ရိုးကာလ တိုတောင်းခြင်း

·   မြင့်မားသော အထူးပြုအရည်အချင်းများကို ရယူနိုင်ခြင်း

·   လုပ်ငန်းနယ်ပယ်ရှိ ကျွမ်းကျင်သူများနှင့် ချိတ်ဆက်မှုများကို ပြုလုပ်နိုင်ခြင်း

● အသက်မွေး၀မ်းကျောင်းကောလိပ်၏ အားနည်းချက်များ

·   သင်ယူနေသော ကာလအတွင်း အခြားသောနယ်ပယ်သို့ ပြောင်းလဲရန် ခက်ခဲခြင်း

·   ကာလတို သင်ယူရခြင်းဖြစ်သည့်အတွက် စာသင်ချိန် များခြင်း

·   အသက်မွေးဝမ်းကျောင်းများပေါ်မူတည်၍ ကျောင်းစရိတ်များ မြင့်မားနိုင်ခြင်း

·   အထွေထွေ ရုံးလုပ်ငန်းများ (General office work) တွင် အလုပ်ရရန် ခက်ခဲခြင်း

အကယ်၍ မိမိလေ့လာလိုသော နယ်ပယ်နှင့် လုပ်ကိုင်လိုသော အလုပ်ကို ဆုံးဖြတ်ထားပြီး ၎င်းသည်အထူးပြုသင်ယူရမည့် နယ်ပယ်ဖြစ်မည်ဆိုလျှင် အသက်မွေးဝမ်းကျောင်းတွင် ပညာသင်ကြားရသည်မှာ အားသာချက်များစွာ ရှိမည်ဖြစ်ပါသည်။ အထူးပြုအရည်အချင်းများကို ရရှိနိုင်ပြီး လေ့လာသင်ယူခဲ့သော နယ်ပယ်တွင် အလုပ်ကိုင်အခွင့်လမ်း ရရှိနှုန်းလည်း မြင့်မားလာမည်ဖြစ်ပါသည်။

သို့သော် လုပ်ကိုင်ချင်သည့် အရာကို ရှင်းလင်းတိကျစွာ ဆုံးဖြတ်မထားသော အခြေအနေမျိုးဖြစ်ပါက အသက်မွေး၀မ်းကျောင်းတက်နေစဥ်အတွင်း လမ်းကြောင်းပြောင်းရန်မှာ ခက်ခဲပါသည်။ ( ဥပမာအားဖြင့် ဖက်ရှင်ကျောင်းတွင် ကျောင်းတက်ပြီး နောက်မှ IT အသက်မွေးဝမ်းကျောင်းသို့ ပြောင်းတက်ခြင်း အစရှိသည် )

ထပ်မံ၍ အသက်မွေးဝမ်းကျောင်းကောလိပ်သည် ကာလတို သင်ကြားရခြင်းဖြစ်သည့် အတွက် စာသင်ချိန် အချိန်ဇယား များပြီး အရည်အချင်းပြည့်မှီရန် အတွက် စာလေ့လာမှုလဲ လိုအပ်ပါသည်။

အထက်တွင် ဖော်ပြထားသည့် အကြောင်းအရာများမှာ တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်းကောလိပ်တို့၏ ခြားနားချက်များ ဖြစ်ပါသည်။

တစ်နည်းအားဖြင့် 「ပညာတော်သင်သွားသည့်အခါ တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်း ကောလိပ်တွင် ဘယ်ဟာကို တက်သင့်သလဲ」ဆိုပြီး မေးမြန်းခြင်းနှင့် ပတ်သတ်၍ 「မိမိ၏ အနာဂတ်အလုပ်အကိုင်နှင့် သင်ကြားလိုသော ဘာသာရပ်」 ကို တိကျပြတ်သားစွာ ရွေးချယ်ပြီး ၎င်းမှာ အထူးပြုနယ်ပယ် ဖြစ်ခဲ့လျှင် တက္ကသိုလ်ထက် အသက်မွေးဝမ်းကျောင်းကောလိပ်တွင် ပညာသင်ကြားသည်မှာ ပို၍ကောင်းပါသည်ဟု ပြောနိုင်မည်ဖြစ်သည်။

သို့မဟုတ်ပါက ပြတ်သားစွာ မဆုံးဖြတ်နိုင်သော အခြေအနေတွင် ကျယ်ပြန့်သော လုပ်ငန်းခွင်ကို ရရှိရန် အနာဂတ်တွင် လုပ်ကိုင်ချင်သော အလုပ်ကို ဆုံးဖြတ်ချင်သည့် အခြေအနေမျိုးတွင် အသက်မွေးဝမ်းကျောင်းကောလိပ်ထက် တက္ကသိုလ်တွင် ပညာသင်ကြားသည်မှာ ကောင်းပါသည်ဟု ပြောနိုင်ပါသည်။