• ဗမာစာ
  • 日本語

News / Topic

ဂျပန်ဘာသာစကားကျောင်းများတွင် ပညာသင်ကြားရန် လမ်းညွှန်

ယခုလက်ရှိမှာ ဂျပန်ရှိ ‌ဂျပန်ဘာသာစကားကျောင်းများသို့ သွားရောက်ပညာသင်ကြား ကြသည့် မြန်မာကျောင်းသားဦး‌ရေ အလွန် များပြား လာလျက်ရှိပေမဲ့ ဂျပန်ဘာသာစကားကျောင်းတွင် ပညာသင်ယူသည့် အခါမှာ သွားရောက်ပညာသင်ယူ မည့် ကျောင်းအကြောင်းကို မိမိဘာသာ သေချာ နားလည်ထားရမည့်အပြင် မှန်ကန်သော ရွေးချယ်မှုနှင့် လိုအပ်သည့် စာရွက်စာတန်းများကို သေချာစွာ စစ်ဆေးရန်လည်း အလွန်အရေးကြီးပါသည်။ ဒီတစ်ခေါက် ဆောင်းပါးတွင် ဂျပန်ဘာသာစကားကျောင်း များကို ဘယ်လို‌ရွေးချယ်ရမလဲဆိုတာ နဲ့ နိုင်ငံခြားမှာ ကျောင်းတက်သည့်အခါ မှတ်သားထားသင့်သည့် အချက်များကို မိတ်ဆက်သွားမှာဖြစ်လို့ ဂျပန်ဘာသာစကားကျောင်းမှာ ကျောင်းတက်ဖို့ စဉ်းစားနေတယ်ဆိုရင် ဆက်ဆက် ဖတ်ကြည့်လိုက်ပါ !

【ဂျပန်ဘာသာစကားကျောင်း အမျိုးအစားများ】

ပထမအချက်အနေဖြင့် ဂျပန်ဘာသာကို သင်ယူလေ့လာနိုင်မည့် ဂျပန်နိုင်ငံရှိ ပညာရေးအဖွဲ့အစည်းများမှာ ➀ တရားရေးရာဝန်ကြီးဌာန (Ministry of Justice)မှ အတည်ပြုထားသော ကိုယ်ပိုင်ဂျပန်ဘာသာသင်ကျောင်းများ ② တက္ကသိုလ်များရှိ 「နိုင်ငံတကာ ကျောင်းသားများအတွက် အထူးသင်တန်း」, ③ အသက်မွေးဝမ်းကျောင်းကောလိပ်များ၏ 「ဂျပန်ဘာသာစကားဌာန」တို့ဟူ၍ ရှိပါသည်။

တရားရေးရာဝန်ကြီးဌာန ကအတည်မပြုရသေးသော ဂျပန်နိုင်ငံရှိ ဂျပန်ဘာသာစကားကျောင်းများသည် နိုင်ငံတကာ ကျောင်းသားများကို လက်ခံနိုင်မည်မဟုတ်သောကြောင့် ဂျပန်ဘာသာကျောင်း အများစုကို အတည်ပြုပေးထားသည်။

တက္ကသိုလ်ရှိ နိုင်ငံတကာ ကျောင်းသားများအတွက် အထူးသင်တန်း နှင့် အသက်မွေးဝမ်းကျောင်း ကောလိပ်ရှိ ဂျပန်ဘာသာစကားဌာနတို့၏ ထူးခြားချက်မှာ တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်း ကောလိပ်တို့ကြား ချိတ်ဆက် ထားသောကြောင့် ပြီးပြည့်စုံသော facilityများရှိခြင်း ၊ တက္ကသိုလ် နှင့် အသက်မွေးဝမ်းကျောင်း ကောလိပ် ကျောင်းသား ကျောင်းသူများ အပြန်အလှန်ရင်းနှီးမှု ရှိခြင်းတို့ဖြစ်သည်။ တစ်ဖက်တွင်လည်း တက္ကသိုလ်ရှိ နိုင်ငံတကာ ကျောင်းသားများအတွက် အထူးသင်တန်း တွင် ဂျပန်နိုင်ငံ၌ အာမခံပေးမည့်သူမရှိဘဲ လျှောက်ထားလို့မရသည့် အခြေအနေများလည်း များစွာရှိသည်။

【လူဝင်မှုကြီးကြပ်ရေး၏ ဂျပန်ဘာသာစကားကျောင်း အဆင့်သတ်မှတ်ချက် 】

ပညာတော်သင်ကျောင်းသားများကို လက်ခံလျက်ရှိသည့် ဂျပန်ဘာသာကျောင်းများကို ‌ဒေသတစ်ခုစီ၏ လူဝင်မှုကြီးကြပ်ရေးက ဤကဲ့သို့သော အဆင့်သတ်မှတ်ချက်များ ခွဲခြားထားသည်။ ※ ၎င်းသည် ဂျပန်ဘာသာ စကားကျောင်းများ သာမက တက္ကသိုလ်များနှင့် အသက်မွေးဝမ်းကျောင်း ကောလိပ်များနှင့်လည်း သက်ဆိုင်ပါသည်။

၁. အရည်အချင်းပြည့်မှီသောကျောင်း ( 適正校 Ⅰ • てきせいこう Ⅰ ) (စာရင်းသွင်း စီမံခန့်ခွဲမှု အလွန်ကောင်းမွန်သော ကျောင်း [ 在籍管理優良校 • ざいせきかんりゆうりょうこう ] ဟု လူသိများသည်။)

၂. အရည်အချင်းပြည့်မှီသောကျောင်း Ⅱ ( 適正校 Ⅱ てきせいこう Ⅱ )

၃. အရည်အချင်းပြည့်မမှီသော ကျောင်း ( 適正校 てきせいこう မဟုတ်သောကျောင်း )

ထိုကဲ့သို့ ပိုင်းခြားထားခြင်းဖြင့် လူဝင်မှုကြီးကြပ်ရေးမှ စာရွက်စာတမ်း စစ်ဆေးခြင်းမှာလည်း အလွန်ကွဲပြားသွားမည်ဖြစ်သည်။ ဥပမာအားဖြင့် ဂျပန်ဘာသာကျောင်းများတွင် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးစီသို့ တင်ပြရမည့် စာရွက်စာတန်းများသည် ဤကဲ့သို့ ကွဲပြားပါသည်။ 

〇 အရည်အချင်းပြည့်မှီသော ဂျပန်ဘာသာစကားကျောင်း Ⅰ ⇨ သိသိသာသာ ရိုးရှင်းသော  

・အခြေခံအားဖြင့် (ဂျပန်ဘာသာစကားကျောင်းမှ တင်သွင်းသော လျှောက်လွှာပုံစံနှင့် ကျောင်းသား ID မိတ္တူ) သာလျှင် လိုအပ်သည်။

・နောက်ဆုံးပညာသင်ကြားခဲ့သောနှစ်မှ ဆက်လက်သင်ယူခြင်းမရှိပဲ ၅နှစ်ကျော်ပါက ကျောင်းသား ကိုယ်ရေးအကျဉ်းကိုလည်း တင်ပြရန်လိုအပ်သည်။

〇 အရည်အချင်းပြည့်မှီသော ဂျပန်ဘာသာစကားကျောင်း Ⅱ⇨ ရိုးရှင်းသော

  • ပညာရေးနောက်ခံနှင့် ပတ်သက်သော စာရွက်စာတမ်းများ ငွေကြေး ထောက်ပံ့မည့်သူ၏ ဝင်ငွေ သို့မဟုတ် ပိုင်ဆိုင်မှုများကို အသိအမှတ်ပြုသည့် စာရွက်စာတမ်းများနှင့် ငွေကြေး ထောက်ပံ့မည့်သူ၏ ဘဏ်စာရွက်စာတမ်းများ လိုအပ်ပါသည်။
  • ဝင်ငွေအထောက်အထားနှင့် ဘဏ်မှတ်တမ်းတို့သည် တစ်နှစ်စာ လိုအပ်ပါသည်။

 〇 အရည်အချင်းပြည့်မှီသောကျောင်းမှလွဲ၍ အခြားဂျပန်ဘာသာစကားကျောင်းများ ⇨ ပုံမှန်အကဲဖြတ်စစ်ဆေးခြင်း

  • အရည်အချင်းပြည့်မှီသောကျောင်း Ⅱ တွင် လိုအပ်သော စာရွက်စာတန်းများအပြင် ၊ ဝင်ငွေ ၊ ဘဏ်နှင့်ပတ်သက်သော စာရွက်စာတန်းများကို သုံးနှစ်စာ တင်သွင်းရသည်က များသည်။

※ အရည်အချင်းပြည့်မှီသောကျောင်းများဟူ၍ ထုတ်ပြန်ထားသော စာရင်း မရှိသောကြောင့် မိမိတက်ရောက်လိုသည့် ဂျပန်ဘာသာစကားကျောင်းသို့ တိုက်ရိုက် ‌စုံစမ်းကြည့်မည်ဆိုလျင် ပို၍ ကောင်းပါသည်။

※ အသစ်ဖွင့်လှစ်ထားသော ကျောင်းများကို (新規校 – ကျောင်းအသစ်များ) ဟုခေါ်ပြီး အရည်အချင်းပြည့်မှီသော ကျောင်းများအဖြစ် အသိအမှတ်မပြုခံသေးခင် အရည်အချင်းမပြည့်မှီသောကျောင်းများနည်းတူ  ပြင်းထန်သော စစ်ဆေးမှုများကို ပြုလုပ်ပါသည်။

※ မကြာသေးမီနှစ်များအတွင်း Tokyoလူဝင်မှုကြီးကြပ်ရေးဌာနသည် မြန်မာနိုင်ငံမှ ပညာတော်သင်ကျောင်းသား များက အရည်အချင်းပြည့်မှီသော ကျောင်းသို့လျှောက်ထားမည် ဆိုလျှင်တောင် တင်းတင်းကျပ်ကျပ် စစ်ဆေးလျက်ရှိသည်။

【EJU အတန်းနှင့် ပတ်သက်၍】

ဂျပန်၏တက္ကသိုလ်များသို့ ကျောင်းတက်မည့်အခါ EJU စာမေးပွဲ ကို လိုအပ်သည့်တက္ကသိုလ်များ များပြားသည့်အတွက် ဂျပန်တွင် EJU စာမေးပွဲကို ဖြေဆိုရမည်ဖြစ်၍ ဂျပန်ဘာသာကျောင်း တော်တော်များများက EJU ပြင်ဆင်ပေးသော အတန်းများကို သင်ကြားပေးသည်။ သို့သော် ရွေးချယ်ရာတွင် အောက်ပါတို့ကို သတိထားသင့်သည်။

➀ EJU ပြင်ဆင်မှု အတန်း ဘယ်နှစ်တန်းရှိသလဲ?

တစ်ပတ်လျင် နာရီမည်မျှသင်ကြားပေးသလဲ၊ ဘယ်အချိန်မှစတင်ပြီး ပြင်ဆင်မှုအတန်းကို စတင်နိုင်သလဲ ဆိုတာတွေကို စစ်ဆေးရပါမည်။

② ဘယ်ဘာသာရပ်တွေရှိလဲ?

ဂျပန်ဘာသာစကားကျောင်းများစွာသည် EJU ဂျပန်စာဘာသာရပ်များအတွက် ကြိုတင်ပြင်ဆင်မှုအတန်းများ ရှိသော်လည်း အခြားဘာသာရပ်များအတွက် အတန်းများ(အထွေထွေဘာသာရပ်၊သင်္ချာ၊ သိပ္ပံ)ရှိမရှိကို သေချာ စစ်ဆေးသင့်သည်။

③ EJU ပြင်ဆင်မှုအတန်းသည် သင်တန်းကြေးတွင် ပါဝင်သလား? သီးခြားပေးချေဖို့လိုသလား?

EJUပြင်ဆင်မှုအတန်းသည် ကျောင်းလခထဲတွင် ပါဝင်ခြင်းရှိသလား သို့မဟုတ် သင်တန်းကြေးကို သီးခြား ပေးချေဖို့လိုအပ်သလား စစ်ဆေးသင့်သည်။

【ဂျပန်ဘာသာစကားကျောင်းမှ ဘွဲ့ရပြီးနောက် ပညာဆက်လက် သင်ယူခြင်းနှင့်ပတ်သတ်၍】

ဂျပန်ဘာသာစကားကျောင်းမှ ဘွဲ့ရပြီးနောက် တက္ကသိုလ်သို့ ဆက်လက်ပညာသင်ယူမလား ၊ အသက်မွေးဝမ်းကျောင်း ကောလိပ်ဆက်တက်မလား ဆိုတာပေါ် မူတည်ပြီး ဂျပန်ဘာသာစကားကျောင်း တွင် ကျောင်းတက်နေစဉ် မဖြစ်မနေ ပြင်ဆင်ရမည့်အရာများသည် များစွာကွဲပြားသွားမည်ဖြစ်သည်။

လက်ရှိတွင် ဂျပန်ရှိ နိုင်ငံခြားသား ကျောင်းသားများ အများစုသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် လိုအပ်သည့် EJU စာမေးပွဲကို မဖြေဆိုရသေးသည့် ပြဿနာနှင့် ရင်ဆိုင်နေရပြီး ဖြေဆိုပြီးပါကလည်း လိုအပ်သည့် အခြေအနေရပ်များ နှင့် ကိုက်ညီမှုမရှိသည့်အတွက် တက္ကသိုလ်သို့ ဆက်မတက်ဖြစ်ပဲ အသက်မွေးဝမ်းကျောင်း ကောလိပ် တက်ခဲ့ရသည့် ကျောင်းသားများစွာရှိသည်။ ထို့ကဲ့သို့ အခြေအနေမျိုး မဖြစ်စေရန် တက္ကသိုလ် ဆက်တက်လိုပါက ဘယ်အချိန်တက္ကသိုလ်သို့ လျှောက်ထားနိုင်မလဲ နှင့် EJUစာမေးပွဲကို ဘယ်အချိန်မှာ ဖြေဆိုသင့်သလဲ ဆိုတာတွေကိုလည်း ကြိုတင် စဉ်းစားထားပြီး ဂျပန်ဘာသာစကားကျောင်းသို့ မတက်ရောက်မှီကတည်းက ကျောင်းတက်ဖို့အတွက် အချိန်ဇယားဆွဲသင့်သည်။

တက္ကသိုလ်မှာ တက်ရင်ကောင်းမလား အသက်မွေးဝမ်းကျောင်း ကောလိပ်မှာ တက်ရင်ကောင်းမလား ဆိုသည့်အချက်ကို သေချာ မဆုံးဖြတ်ရသေးဘူးဆိုရင်တော့ ဤဆောင်းပါးကိုလည်း ဖတ်ကြည့်လိုက်ပါနော် !

ဂျပန်ရဲ့ တက္ကသိုလ် နှင့် အသက်မွေးဝမ်းကျောင်းကောလိပ် တို့၏ ကွာခြားချက်များ

【အချိန်ပိုင်းအလုပ်နှင့်ပတ်သက်၍】

အခြေခံအားဖြင့် မည်သည့် ဂျပန်ဘာသာစကားကျောင်းမှာမဆို ကျောင်းသား၏ ဂျပန်စာအရည်အချင်းပေါ်မူတည်ပြီး အချိန်ပိုင်းအလုပ်တွေရဲ့ အချက်အလက်များကို မိတ်ဆက်ပေး လျက်ရှိသည်။ ဂျပန်စာအရည်အချင်း N5~N4 ကြားဖြစ်ပါက ရရှိနိုင်မည့် အချိန်ပိုင်းလုပ် အရေအတွက် ကန့်သတ်ချက်ရှိနိုင်ပေမဲ့ N3 နှင့်အထက်ရှိ ထားမည်ဆိုပါက ဂျပန်ဘာသာကို အတိုင်းအတာတစ်ခုအထိ စကား‌ပြောဆိုဆက်သွယ်နိုင်မည် ဖြစ်သည့်အတွက် ရွေးချယ်နိုင်မည့် အချိန်ပိုင်းအလုပ် တွေလည်း ပိုမိုရရှိလာမည်ဖြစ်သည်။

တစ်ပတ်လျှင် ၂၈နာရီထက်ပိုပြီး အချိန်ပိုင်းအလုပ် လုပ်ခြင်းသည် တရားမဝင်သောကြောင့် ၎င်းထက်ပိုပြီး အလုပ်လုပ်မိပါက မိမိဇာတိနိုင်ငံသို့ ပြန်ခိုင်းမည်ဖြစ်သည်။ လက်ရှိ အချိန်ပိုင်းအလုပ်တွေကို My Number စနစ်အောက်တွင် တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက်ကြောင့် တစ်ပတ်လျှင် ၂၈နာရီနှင့်အထက် (နွေရာသီပိတ်ရက်လိုမျိုး အချိန်များတွင် နာရီ ၄၀နှင့်အထက်) ပိုပြီး လုပ်ခွင့်မရှိပါ။ အချိန်ပိုင်းအလုပ်ဖြင့် ကျောင်းစရိတ် ကာမိဖို့ ဆိုသည်မှာလည်း မဖြစ်နိုင်သည့်အတွက် ဂျပန်တွင်ကျောင်းမတက်မှီ ကျောင်းစရိတ် ထောက်ပံ့ပေးမည့်သူနှင့် သေချာတိုင်ပင်သင့်ပါသည်။

【လူဝင်မှုကြီးကြပ်ရေး လျှောက်လွှာများနှင့် ပတ်သက်၍】

မကြာသေးမီ နှစ်များအတွင်း မြန်မာမှပညာတော်သင်ကျောင်းသားများအား ပြည်ဝင်ခွင့် စစ်ဆေးမှုသည် ပိုမိုတင်းကြပ်လျက်ရှိတာကြောင့် မိမိကိုယ်တိုင် သို့မဟုတ် နိုင်ငံခြား ပညာတော်သင်လျှောက်ထားပေးသော အေးဂျင့်များဖြင့် လူဝင်မှုကြီးကြပ်ရေးသို့ စာရွက်စာတန်း တင်ပြသည့်အခါ စာရွက်စာတန်း အတုပြုလုပ်ခြင်းကို လုံးဝ မလုပ်သင့်ပါ။

အကယ်၍ စာရွက်စာတန်း အတုပြုလုပ် တင်သွင်းခဲ့ပြီး ပယ်ချခံရပါက ပြန်လည်လျှောက်ထားဖို့ ခက်ခဲပါမည်။ စာရွက်စာတန်း အတုပြုလုပ်ထားခြင်း မရှိပဲ ပယ်ချခံခဲ့ရသည့်အခါမျိုးမှာတော့ ပြန်လည်လျှောက်ထားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကိုယ်တိုင်လည်း လုံးဝ အတုမလုပ်သင့်သလို အေးဂျင့်များကိုလည်း အတုပြုလုပ်ပေးဖို့ မတောင်းဆိုသင့်ပါ။

မကြာသေးမီနှစ်များအတွင်း အေးဂျင့်များသည် ကျောင်းသားများထံမှ အခကြေးငွေ များများ ယူမည့်အစား ဘဏ်စာရွက်စာတန်းများနှင့် ငွေကြေးထောက်ပံ့ပေးမည့်သူ၏ စာရွက်စာတန်းများကို စာရွက်စာတန်းအတုများဖြင့် လျှောက်ထားခဲ့သည့် ဖြစ်ရပ်တွေလည်း တိုးပွားလာလျက်ရှိပြီး ၎င်းကိစ္စမျိုးသည် အရမ်းအန္တရာယ်များသည့် အတွက် သတိထားသင့်ပါသည်။

【ဂျပန်ဘာသာစကားကျောင်း၏ ပညာသင်ထောက်ပံ့ကြေး နှင့် ပတ်သက်၍】

လက်ရှိမှာ ဂျပန်ဘာသာစကားကျောင်းများမှ နိုင်ငံတကာကျောင်းသားများအတွက် ပညာသင်ထောက်ပံ့ကြေးပေးခြင်း အလွန်နည်းပါးသည်။ ငွေကြေးပမာဏ မများသော်လည်း ဂျပန်ဘာသာ စကားကျောင်းများသည် ၎င်းတို့ကိုယ်ပိုင် ပညာသင်ဆုများပေးခြင်း နှင့် တချို့ Private Foundation များမှ ပေးအပ်သည့် ပညာသင်ဆုများလည်း ရှိသောကြောင့် ဤ Scholarship လက်ကမ်းစာစောင် မှာ ကိုးကားကြည့်ရှူနိုင်ပါသည်။

ပညာတော်သင်ထောက်ပံ့ကြေးနှင့် ပတ်သက်၍

သတင်းစာစကော်လာလည်း ရှိပေမဲ့လည်း သတင်းစာပို့ရသည့် အချိန်ပိုင်းအလုပ်မှာ အလွန်ပင်ပန်းသည့် အလုပ်ဖြစ်သည့်အတွက် သတင်းစာစကော်လာဖြင့် ကျောင်းတက်လိုသည့်အခါမျိူးမှာ အချိန်ပိုင်းအလုပ်၏ သတ်မှတ်ချက်များနှင့် စာချုပ်တွင် ပါဝင်သော အချက်အလက်များကို သေချာစစ်ဆေး နားလည်ပြီးမှ ကျောင်းတက်ဖို့ ရွေးချယ်သင့်သည်။

ဂျပန်ဘာသာစကားကျောင်းမှာ ပညာသင်ကြားလိုသူများအနေဖြင့် ယခု ရှင်းပြထားသည့် အချက်များကို မိသားစုနှင့်လည်းပဲ တိုင်ပင်ဆွေးနွေးပြီးမှ ဂျပန်မှာ ကျောင်းတက်ဖို့ ဆုံးဖြတ်စေလိုပါသည်။